ကြံ့ခိုင်ရေးပါတီအား အရပ်ဖက် အဖွဲ့အစည်း ၉၀ ကျော် ကန့်ကွက်

 

နိုင်ငံရေးပါတီတစ်ခုအနေဖြင့် မသန်စွမ်းသူတွေအပေါ် ကောင်းကျိုးဆောင်တဲ့အမြင်မရှိဟု ညီမျှခြင်းမြန်မာက ဦးအောင်မျိုးမင်း ဝေဖန်

ရန်ကုန် ၊ နိုဝင်ဘာ ၁၄

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကို မြန်မာနိုင်ငံ နားမကြားအဖွဲ့အစည်းများ၊ မသန်စွမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း အပါအဝင်စုစုပေါင်း ၉၀ကျော်က ကန့်ကွက်ကြောင်း နိုဝင်ဘာလ ၁၄ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ နိုဝင်ဘာ၁၁ရက်နေ့ကထုတ်ပြန်တဲ့ သတင်းလွှာမှာ အစ္စရံ ကျေးရွာက စာမတတ်သူ၊ စကားမပြောတတ်သူ၊ နားမကြားသူ ဒေါ်ဝင်းစန္ဒာခိုင် ဆန္ဒမဲပေးခြင်းကို ကန့်ကွက်ကြောင်း ဖော်ပြထားပြီး နိုဝင်ဘာလ ၁၂ရက်နေ့သတင်းလွှာမှာ ”မသန်မစွမ်း”သူဟုသုံးနှုန်းထားတာဖြစ်ပါတယ်။ဒါ့အပြင် ဒေါ်ဝင်းစန္ဒာခိုင်ကို ဆန္ဒမဲပေးခွင့်ပြုတာကို မဲမသမာမှုတစ်ခုအနေနဲ့ ကြံ့ခိုင်ရေးပါတီကတရားဝင်ဖော်ပြထားတာဖြစ်ပါတယ်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၉)၊ပုဒ်မ (၃၉၂)မှာ ဆန္ဒမဲပေးပိုင်ခွင့်မရှိတဲ့သူတွေကို ဖော်ပြထားပြီး အဲဒီအထဲမှာ မသန်စွမ်းသူတွေပါဝင်ခဲ့ခြင်း မရှိဘူးလို့ညီမျှခြင်းမြန်မာ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဂလက်ဆီသတင်းဌာနကို ပြောပါတယ် ။

“မသန်စွမ်းတွေက ပြည်သူပဲဖြစ်တဲ့ အတွက် သူတို့မဲပေးဖို့ပိုမိုအားစိုက်လုပ်ဆောင်ပေးရမယ်ဆိုပြီးတော့ UEC ကဖော်ပြထားတာဖြစ်တယ် အဲဒီအချက်ကို မသမာမှုဖြစ်တယ်ပြောခြင်းက ရှိထားပြီးသား ဥပဒေတွေ သူတို့နားမလည်ခြင်းဖြစ်တယ် မသန်စွမ်းတဲ့ သူတစ်ယောက်ကို ဒါလူသားအဖြစ်အသိမှတ်မပြုပဲနဲ့သုံးစားလို့မရတဲ့သူအဖြစ်မြင်နေတဲ့ သဘောတရားတွေဖြစ်တယ် မြန်မာနိုင်ငံမှာရှိတဲ့ မသန်စွမ်းသူများဥပဒေကိုလည်းချိုးဖောက်ရာရောက်တယ် အထူးသဖြင့် နိုင်ငံရေးပါတီတစ်ခုအနေနဲ့ မသန်စွမ်းသူတွေအပေါ်မှာ ဒီလိုမြင်တဲ့ အမြင်က ဘယ်လိုမှကောင်းကျိုးဆောင်တဲ့ အမြင်မဖြစ်နိုင်ဘူး ” လို့ ဦးအောင်မျိုးမင်းက ပြောပါတယ် ။

ကြံ့ခိုင်ရေးပါတီက မသန်စွမ်းသူ နိုင်ငံသားတွေကို နိမ့်ချ ခွဲခြားဆက်ဆံတဲ့ အရေးအသားအသုံးအနှုန်းတွေကြောင့် အရပ်ဖက်အဖွဲ့အစည်း ၉၅ဖွဲ့က ကြံ့ခိုင်ရေးပါတီကိုပြင်းထန်စွာ ကန့်ကွက်ရှုပ်ချခဲ့ပြီး မြန်မာနိုင်ငံကမသန်စွမ်းတွေအပေါ် တရားဝင်တောင်းပန်ဖို့ စာထုတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဒီထုတ်ပြန်မှု နဲ့ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်ပေမယ့် ဖုန်းလက်ခံပြောဆိုခဲ့ခြင်းမရှိပါဘူး ။
#ဟန်တိုးစံ ရေးသားသည်။