ထပ်ဆင့်ထောက်ပံ့မှုရန်ပုံငွေ (Sub-Grant) ဆိုင်ရာဆွေးနွေးပွဲ

ထပ်ဆင့်ထောက်ပံ့မှုရန်ပုံငွေ (Sub-Grant) ဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲကို UNDEF၏ထောက်ပံ့မှုဖြင့် ညီမျှခြင်းမြန်မာက ဦးဆောင် ပြုလုပ် ခဲ့ပါသည်။

ဤအလုပ်ရုံဆွေးနွေးပွဲကို “မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ခိုင်မာအားကောင်းလာစေရန် ရပ်ရွာအခြေပြုအဖွဲ့များကို စည်းရုံးလှုံ့ဆော် ထောက်ပံ့ပေးခြင်းစီမံကိန်း”၏ စီမံချက်လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။

“ဒီလိုကိုဗစ်ကာလအတွင်းမှာ အွန်လိုင်းသင်တန်းက မရှိမဖြစ်လိုအပ်ပါတယ်၊ အပြောင်းအလဲ တစ်ခုအတွက်သွားနေတာဖြစ်လို့ အထောက်အကူတော်တော်ဖြစ်ပါတယ်။ အခုလုပ်ဆောင်တော့မဲ့ စီမံကိန်းအတွက်ပိုအကျိုးရှိပါတယ်။ တခြား စီမံကိန်းတွေအတွက်လည်း ပြင်ဆင်ပြီးသားဖြစ်ပါတယ်” လို့ ပွင့်လင်းဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအဖွဲ့က ဝန်ထမ်းတစ်ဦးပြောပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို မိတ်ဖက်အဖွဲ့အစည်းများက ရန်ပုံငွေစီမံချက် ကာလအတွင်း လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲနိုင်မှု၊ မူဝါဒရေးရာလိုက်နာကျင့်သုံးနိုင်ရန်၊ ထပ်ဆင့်ထောက်ပံ့ ရန်ပုံငွေလမ်းညွန်ချက် များနှင့် အစီရင်ခံစာ တင်ပြခြင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏တာဝန်ခံမှုအားကောင်းလာစေရန်၊ အဖွဲ့၏ရေရည်တည်တံ့ဖွံ့ဖြိုးတိုးတက်မှုတို့ကို အစီအစဉ်တကျ လိုက်နာလုပ်ဆောင်တတ်လာစေရန် ရည်ရွယ်ပြုလုပ်ခဲ့ပါသည်။

မွန်လူငယ်ပညာပေးအဖွဲ့က တက်ရောက်လာသူ“ဒီသင်တန်းတက်လိုက်ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ စီမံကိန်းမှာ သတိထားလုပ်ကိုင် ရမှာတွေ၊ လိုက်နာစရာတွေကို မူဝါဒလမ်းညွန်မှုတွေနဲ့အတူ ကောင်းကောင်းကြီး သိလိုက်ရတယ်” လို့ ဆိုပါသည်။

ထိုသင်တန်းသို့ မွန်လူငယ်ပညာပေးအဖွဲ့(MYEO)၊ ပွင့်လင်းဖွံ့ဖြိုးရေး အဖွဲ့(ODF) နှင့် ကျေးလက်မြေအဖွဲ့(KLM)တို့က သင်တန်းသား၊ သင်တန်းသူ ၁၂ ဦးပါဝင်တက်ရောက်ခဲ့ကြပါသည်။

ကျေးလက်မြေအဖွဲ့မှ တက်ရောက်လာသူကလည်း “နဂိုက ငွေစာရင်းအတွေ့အကြုံရှိပါတယ်၊ အခုတော့ပိုပြီးသိလာပါပြီ။ မူဝါဒတွေအများကြီးထဲမှာမှ ကလေးသူငယ် ကာကွယ်ရေး မူဝါဒ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်းအပေါ် မူဝါဒနှစ်ခုကတော့ ခေါင်းထဲအစွဲဆုံးပါပဲ” လို့ ဆိုပါသည်။

ထပ်ဆင့်ထောက်ပံ့မှုရန်ပုံငွေ (Sub-Grant) ဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲသင်တန်းကို စက်တင်ဘာလ (၂၁) ရက်မှ (၂၅) နေ့ရက်အထိ (၅)ရက်တာကျင်းပခဲ့ကြပါသည်။