လူ့အခွင့်အရေးနည်းပြသင်တန်း (လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်) ကို အွန်လိုင်းက တဆင့်ပြုလုပ်ကျင်းပပြီးစီး

ညီမျှခြင်းမြန်မာသည် လူ့အခွင့်အရေးနည်းပြ (လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်) online သင်တန်းကို မေလ ၁၀ ရက် မှ မေလ၂၂ ရက်အထိ ပြုလုပ်ခဲ့ပါသည်။

လူ့အခွင့်အရေးနည်းပြသင်တန်းကို ယခင်နှစ် များနှင့်မတူပဲ သင်တန်းကို ၂ ကြိမ်ခွဲပြီး ပြုလုပ်ခဲ့ပါသည်။ ပထမ အကြိမ်ကို မတ်လတွင် ပြုလုပ်ခဲ့ရာ COVID 19 ရောဂါကြောင့် သင်တန်းကို ပြီးစီးအောင်မလုပ်နိုင်ခဲ့၍ ဒုတိယအကြိမ် အွန်လိုင်ကတဆင့် ထပ်မံပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

လူ့အခွင့်အရေးနည်းပြ သင်တန်းကို အွန်လိုင်းကတဆင့် ပြုလုပ်ခဲ့ခြင်းကြောင့် သင်တန်းသားများသည် မိမိတို့ နေအိမ်ကပဲ သင်တန်းပြီးဆုံးသည်အထိ လေ့လာနိုင်ခဲ့ပါသည်။

အွန်လိုင်ကတဆင့် ဤသင်တန်းကို နေ့စဉ် နံနက် ၁၀ နာရီမှ ၁၁ နာရီ ခွဲ အထိ တစ်ကြိမ်နှင့် ညနေ ၃ နာရီမှ ၄ နာရီခွဲ အထိတစ်ကြိမ် ပြုလုပ်ခဲ့ပါသည်။

သင်တန်းကာလတွင် လူမှုစာမျက်နှာ (Facebook) သီးသန့်အဖွဲ့(Close Group)ဖွဲ့၍ ဖတ်ရမည့် စာအုပ်များ၊ သင်ခန်းစာနှင့်စပ်ဆိုင်သော ဗွီဒီယိုများ၊ သတင်းအချက်အလက်များကို သင်တန်းသားများနှင့်အတူတကွ ဆွေးနွေး နိုင်ဖို့ရန် လုပ်ဆောင်ခဲ့ပါသည်။လူ့အခွင့်အရေးနည်းပြသင်တန်း (လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်) ဒုတိယအကြိမ်တွင် သင်ကြားခဲ့သော ခေါင်းစဉ်များမှာ စေ့စပ်ဆော်ဪခြင်း၊ သင်ကြားမှုနည်းလမ်းများ (အုပ်စုငယ်ဖွဲ့၍ ဆွေးနွေးခြင်း၊ ဇာတ်လမ်း အကြောင်းရာများ ဖြင့်ဆွေးနွေးခြင်း၊ ဇာတ်လမ်းတို ရုပ်ရှင်များကြည့်၍ ဆွေးနွေးခြင်း၊ စကားရည်လုပွဲများဖြင့် ဆွေးနွေးခြင်း၊ သင်ရိုး ညွှန်းတမ်းများရေးဆွဲခြင်း) အစရှိသော ခေါင်းစဉ်များကို ပို့ချသင်ကြားပေးခဲ့ပါသည်။

သင်တန်းတွင် အကြောင်းအရာ များကို သင်ကြားခြင်းသာမကပဲ ဆင့်ပွားသင်တန်းများ အတွက်နေရာနှင့်အချိန် သတ်မှတ် ထားခြင်း၊ ညီမျှခြင်းမြန်မာ၏ ရုံးတွင်းပေါ်လစီများ (လာဘ်စားမှုလျော့ချရေးပေါ်လစီ၊ ငွေကြေးစီမံအသုံးချမှု ပေါ်လစီ ) များကိုရှင်းလင်းပေးခြင်း၊ အစီရင်ခံစာများ (သင်တန်းအစီရင်ခံစာ၊ ငွေကြေးသုံးစွဲမှုအစီရင်ခံစာ) ရေးသားပုံကို သင်ကြားပို့ချခြင်း၊ HREN (Human Rights Educators Network)အဖွဲ့အကြောင်းကို ရှင်းလင်းပေးခြင်းနှင့် အဖွဲ့ဝင်အဖြစ်သတ်မှတ်ခြင်း စသည့်အစီအစဉ်များကို ပြုလုပ်ခဲ့ပါသည်။

သင်တန်းတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းက သင်တန်းသားစုစုပေါင်း (၂၄)ယောက် တက်ရောက်ခဲ့သည်။

သင်တန်းသားများသည် ကရင်၊ မွန်၊ ဗမာ၊ ချင်း၊ ကယား၊ မွတ်စလင်၊ ရှမ်းနီ၊ ဂေါ်ရခါး၊ ပုဏ္ဏား လူမျိုးများဖြစ်ပါသည်။ အဆိုပါသင်တန်းသားများသည် အစ္စလာမ်ဘာသာ၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာပေါင်းစုံက တက်ရောက်လာသူများ ဖြစ်ကြသည်။

“အခုသင်တန်းက အွန်လိုင်းကတဆင့် လေ့လာရတာ ပထမဆုံး အတွေ့အကြုံဖြစ်တာကြောင့် ကျွန်မအတွက် သင်ကြားမှု နည်းလမ်းအသစ်ရရှိပါတယ်။ ယုံကြည်ကိုးကွယ်ခွင့် ဘာသာဝင်တိုင်းအတွက်အရေးကြီးပြီး တန်ဖိုးထားမှုဖြစ်တဲ့ အတွက် ကျွန်မအနေနဲ့လဲ ကိုယ်ကွယ်ယုံကြည်မှုတိုင်းကို လေးစားရမယ်ဆိုတာ ကိုသိရှိခဲ့ပါတယ်။ သင်တန်းပြီး သွားပြီဆိုတော့ နောက်ဆက်တွဲအနေနဲ့ ကျွန်မကစတင်ပြီးကျွန်မမိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် များနှင့် ရပ်ရာအတွင်းရှိ လူထုကို ပြန်လည်မျှဝေသွားမှာပါ”လို့ သင်တန်းသူတစ်ယောက်ဖြစ်တဲ့ မမေဇွန်ဦးက ပြောပြပါတယ်။

သင်တန်းတွင် အသုံးပြုခဲ့သော Zoon Application က နေ့စဉ်သင်တန်း ဗွီဒီယိုမှတ်တမ်းများ၊ သင်တန်းတွင် ဆွေးနွေးခဲ့သော သင်ခန်းစာများအတွက် လိုအပ်သောအချက်အလက်များကို သင်တန်းသားများအား Email ကတဆင့် ပြန်လည်ပေးပို့ခဲ့ပါသည်။

သင်တန်းသုံးသပ်ချက်များ၊ ဆန်းစစ်ချက်များကိုလည်း အွန်လိုင်းကတဆင့်သာ စစ်တမ်းကောက်ယူခဲ့ပါသည်။ သင်တန်းပြီးမြောက်သွားသူများသည် ဆင့်ပွားသင်တန်း (၈)ကြိမ်ကိုလည်း လူ့အခွင့်အရေး ပညာပေးသူများ ကွန်ရက်က နည်းပြများနှင့်အတူ သက်ဆိုင်ရာဒေသများတွင် ထပ်မံပြုလုပ်သွားမည်ဖြစ်ပါသည်။