နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး(ICC)အကြောင်း
ရေးသားသူ – ဦးအောင်မျိုးမင်း (Equality Myanmar)
International Criminal Court (ICC) နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးအသံတွေ မြန်မာပြည်မှာ ညံလာတယ်ဆိုတော့ လေ့လာထားတာလေးတွေ တချို့ကို မျှဝေပေးလိုက်ပါတယ်…
ဒီဆောင်းပါးမှာတော့ ICC ဆိုတာ ဘာလဲ.. ဘယ်လိုပေါ်ပေါက်လာလဲကို မိတ်ဆက်တင်ပြထားပါတယ်.. နောက်ပိုင်း မှာတော့ ICC မှာ လက်ခံတိုင်ကြားနိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးအစားတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ မြန်မာနိုင်ငံနဲ့ပတ်သက်နေတာတွေကို ရေးသွားပါမယ်..
International Criminal Court (ICC) နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး အသံတွေ မြန်မာပြည်မှာ ညံလာတယ်ဆိုတော့ လေ့လာထားတာလေးတွေ တချို့ကို မျှဝေပေးလိုက်ပါတယ်။
ဒီဆောင်းပါးမှာတော့ ICC ဆိုတာ ဘာလဲ။ ဘယ်လို ပေါ်ပေါက်လာလဲကို မိတ်ဆက် တင်ပြထားပါတယ်။ နောက်ပိုင်းမှာတော့ ICC မှာ လက်ခံတိုင်ကြားနိုင်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးအစားတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်နေတာတွေကို ရေးသွားပါမယ်။
ICC (International Criminal Court) ဆိုတာ ဘာလဲ
နိုင်ငံတော်အတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သက်ဆိုင်ရာ အစိုးရကိုယ်တိုင်က နိုင်ငံတော်အတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သက်ဆိုင်ရာ အစိုးရကိုယ်တိုင်က ချိုးဖောက်သည့်အခါ သို့မဟုတ် ထိုချိုးဖောက်မှုများကို နိုင်ငံတော်အဆင့်တွင် အရေးယူ ဆောင်ရွက်နိုင်မှု မရှိသည့်အခါ နိုင်ငံတကာ လူ့အခွင့်အရေးများဖြင့် အရေးယူနိုင်ရန် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများ လိုအပ်ကြောင်း စဉ်းစားတွေးခေါ်လာကြသည်။
အထူးသဖြင့် ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ပွားခဲ့သော စစ်ရာဇဝတ်မှုများက နိုင်ငံတကာ လူ့အခွင့်အရေး စာချုပ်များဖြင့် လူ့အခွင့်အရေး ချိုးဖောက်သူများကို စောင့်ကြပ်ရန်၊ အပြစ်ပေးရန် လိုအပ်ကြောင်း စဉ်းစားလာစေခဲ့သည်။
ပထမကမ္ဘာစစ်အပြီး ၁၉၁၉ ခုနှစ်တွင် နိုင်ငံပေါင်းချုပ်အသင်းကြီးကို တည်ထောင်ခဲ့သော်လည်း မအောင်မြင်ဘဲ ဒုတိယကမ္ဘာစစ်ကြီး ထပ်မံဖြစ်ပွားခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း ဟစ်တလာခေါင်းဆောင်သော နာဇီပါတီသည် ဂျူးလူမျိုး ၆ သန်းကျော် အပါအဝင် အခြားလူများအား လူသားချင်း မတရားရက်စက်၊ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခဲ့သည်။
နာဇီပါတီသည် အစွန်းရောက်အမျိုးသားရေးဝါဒကို ကျင့်သုံး၍ ဂျူးများ၊ ဂျစ်ပစီများ၊ ကိုယ်အင်္ဂါ ချို့တဲ့သူများ၊ လိင်တူချစ်သူများကို မျိုးဖြုတ်သတ်ရန် အစီအစဉ် ချမှတ်ခဲ့သည်။
ပထမဆုံးအဆင့်တွင် ထိုသူများကို သီးသန့်သတ်မှတ်ထားသော ရပ်ကွက်များသို့ ပြောင်းရွှေ့ နေထိုင်စေသည်။ ဒုတိယအဆင့်တွင် ချွေးတပ်စခန်းများသို့ ပြောင်းရွှွှွှေ့၍ အလုပ်စေခိုင်းခဲ့သည်။ တတိယအဆင့်တွင် အဆိပ်ငွေ့များလွှတ်၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။
ထို့ကြောင့် စစ်အပြီးတွင် နာဇီ စစ်ခေါင်းဆောင်များသာမက အရပ်သား တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း လူအယောက် ၂ဝဝ ကျော်ကို နျူရင်ဘတ်မြို့တွင် စစ်ခုံရုံးတင် စစ်ဆေး အပြစ်ပေးခဲ့သည်။
နျူရင်ဘတ်ခုံရုံးတွင် ဒုတိယကမ္ဘာစစ်အတွင်းက ဥရောပတွင် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သော ထိပ်တန်းခေါင်းဆောင်များ၊ သံတမန်များနှင့် စစ်ဗိုလ်ချုပ်များကို အပြစ်ပေးနိုင်ခဲ့သည်။ ၁၉၄၅ ခုနှစ်မှ ၁၉၄၆ ခုနှစ်အထိ စီရင်ချက်များ ချခဲ့သည်။
အရှေ့အာရှတွင်လည်း ဂျပန်များ၏ ဖက်ဆစ်စနစ်ကြောင့် တာဝန်ရှိသူများကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ခုံရုံးတင် စစ်ဆေး အပြစ်ပေးခဲ့သည်။ တိုကျိုခုံရုံးတွင် အရှေ့ဖျားအာရှတွင် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သော ဂျပန်ထိပ်တန်းခေါင်းဆောင်များ၊ သံတမန်များနှင့် စစ်ဗိုလ်ချုပ်များကို အပြစ်ပေးနိုင်ခဲ့သည်။
၁၉၄၆ ခုနှစ်မှ ၁၉၄၈ ခုနှစ်အတွင်း စီရင်ချက်များ ချမှတ်နိုင်ခဲ့သည်။ သို့သော် စစ်ရှုံးသူများ သက်သက်ကိုသာ စီရင်ခဲ့ပြီး စစ်နိုင်သည့်နိုင်ငံများမှ ကျူးလွန်သူ တဦးကိုမှ အရေးယူခဲ့ခြင်းမရှိဟု ထောက်ပြကြသည်။
စစ်အတွင်း ကျူးလွန်သူများကို ခုံရုံးတင် စစ်ဆေး အရေးယူမှုများသာမက အလားတူ လူသားချင်း မတရားရက်စက်မှု၊ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်မှုများ ထပ်မံမပေါ်ပေါက်စေရန်၊ ငြိမ်းချမ်းမှုထွန်းကားရေးနှင့် ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် နိုင်ငံအစိုးရများက ကြိုးပမ်း လုပ်ဆောင်လာခဲ့ကြသည်။
၁၉၄၆ ခုနှစ် နျူရင်ဘတ်နောက်ပိုင်း “နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး International Criminal Court – ICC နှင့် ကာကွယ်ရန် နိုင်ငံတကာပြစ်မှုဆိုင်ရာ ဥပဒေ တခု လက်ခံအောင် International Criminal Code prohibiting crimes against humanity” ပဲရစ်မြို့မှာ နိုင်ငံတကာ ညီလာခံတရပ် ကျင်းပပြီး ဆွေးနွေးခဲ့သည်။
၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် “လူမျိုးတုံး သတ်ဖြတ်မှုကို ပြစ်မှုတခုခုအပေါ် ပြစ်ဒဏ်ပေးခြင်းနှင့် ကာကွယ်ခြင်း သဘောတူစာချုပ် Convention on the Prevention and Punishment of the Crime of Genocide” ကို ICC ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုလက်ခံခဲ့ပြီး၊ ယင်းစာချုပ်ကို အခြေခံ၍ တရားရုံးတခုကို တည်ထောင်ရန် သင့်လျော်သော ပြဋ္ဌာန်းချက်များကို လေ့လာရန်အတွက် နိုင်တကာဥပဒေကော်မရှင် International Law Commission – ILC ကို ကုလသမဂ္ဂ အထွေထွေညီလာခံက တာဝန်အပ်နှင်းခဲ့သည်။
၁၉၄၉ – ၁၉၅၄ ခုနှစ် “နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံး၏ Draft Statute for an ICC” တရပ်ကို ရေးဆွဲခဲ့ရာ အင်အားကြီးနိုင်ငံများက ဆန့်ကျင်ခဲ့သည်။
၁၉၅၄ ခုနှစ်တွင် နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ တရားရုံးဖွဲ့ရန် အစီအစဉ်များ နှောင့်နှေးကြန့်ကြာနေခဲ့သည်။ တချိန်တည်းမှာပင် အစိုးရများက မိမိတို့ပြည်သူများအပေါ် လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှု၊ လက်နက်ကိုင်စစ်ပွဲများအတွင်း အပြစ်မဲ့ ပြည်သူများအပေါ် ရက်ရက်စက်စက် သတ်ဖြတ်မှုများကို ကျူးလွန်လာခဲ့ကြသည်။
နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးအပြင် တရားဥပဒေ ရရှိခံစားရေးအတွက် လုပ်ဆောင်ခဲ့သော လုပ်ဆောင်မှုများလည်း ပေါ်ထွန်းလာခဲ့သည်။ နိုင်ငံတကာအနေနှင့် မဟုတ်သော်လည်း နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရေးယူရန် နိုင်ငံအလိုက် လုပ်ဆောင်ကြိုးပမ်းမှုများ ရှိလာခဲ့သည်။
ဥပမာအနေဖြင့် တောင်အာဖရိကနိုင်ငံတွင် ဖြစ်ပွားခဲ့သော လူဖြူ လူမည်း ခွဲခြားမှုကို စုံစမ်းစစ်ဆေးသည့် အမှန်တရားကော်မရှင် (Truth Commission)၊ အရင် ယူဂိုစလားဗီးယား၊ ရဝမ်ဒါနိုင်ငံတို့တွင် ဖြစ်ပွားခဲ့သည့် လူမျိုးတုံး သတ်ဖြတ်မှုများကို အရေးယူ စစ်ဆေးသည့် အထူးတရားခုံရုံး (ad Hoc Tribunal)၊ ကမ္ဘောဒီးယား၊ အရှေ့တီမော၊ ကိုဆိုဗို၊ ဆီရီယာလီယွန် စသည့်နိုင်ငံများတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ချိုးဖောက်မှုများကို ကိုင်တွယ်စစ်ဆေးသည့် နိုင်ငံတကာ တရားစီရင်မှုများဖြင့် လုပ်ဆောင်သော အထူးတရားရုံး (Hybrid Court applying International Criminal Law) များကို ထူထောင်ပြီး တရားဥပဒေရရှိရေးအတွက် လုပ်ဆောင်လာခဲ့သည်။ သို့သော် နိုင်ငံတကာအတွက် လွှမ်းခြုံသော လုပ်ဆောင်မှုကို မလုပ်ဆောင်နိုင်သေးချေ။
၁၉၉၁-၁၉၉၂ ခုနှစ် ဘော့စနီးယား၊ ဟာဇီဂိုးဗီးနားနှင့် ခရိုအေးရှားစစ်ပွဲမှာ “လူမျိုးတုံး သတ်ဖြတ်မှုနှင့် ဂျီနီဗာ သဘောတူစာချုပ်” အပေါ် ချိုးဖောက်သည့် ထင်ရှားသော ချိုးဖောက်မှုများ၊ ကျူးလွန်မှုများကို တရားစွဲဆိုနိုင်ရန် ယူဂိုစလားဗီးယားနိုင်ငံအတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံး Ad-hoc Tribunal – ICTY” ကို ၁၉၉၃ ခုနှစ်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချပြီး တည်ထောင်ခဲ့သည်။ ထိုတရားရုံးသည် “သီးသန့်တရားရုံး Ad-hoc” တခု ဖြစ်သည်။
တချိန်တည်းမှာ ရဝမ်ဒါနိုင်ငံ၏ ပဋိပက္ခထဲမှာ ကျူးလွန်ခဲ့သော ပြစ်မှုများကို အရေးယူရန် ၁၉၉၄ ခုနှစ် လုံခြုံရေးကောင်စီမှ “ရဝမ်ဒါနိုင်ငံအတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICTR” ကို တည်ထောင်ခဲ့သည်။ ထိုတရားရုံးမှာလည်း “သီးသန့်တရားရုံး ad Hoc” တခု ဖြစ်သည်။
ထိုသို့ နိုင်ငံအလိုက် ထူထောင်ပေးသော တရားရုံးများသာမကဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံတကာအဆင့်တွင် ကြိုတင်တားဆီးနိုင်ရန်နှင့် ထိရောက်စွာ အရေးယူနိုင်ရန် အမြဲတမ်း တရားရုံးတခုကို ဖွင့်လှစ်ထားရန် ဆက်လက်ကြိုးပမ်းလာခဲ့သည်။
ထို့ကြောင့် ၁၉၉၈ ခုနှစ်က (အီတလီ) ရောမမြို့တွင် ကုလသမဂ္ဂမှ ကြီးမှူး၍ ကျင်းပသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးကို ဖွဲ့စည်းတည်ထောင်ရန်အတွက် သဘောတူစာချုပ်မူကြမ်းကို ရေးဆွဲသည့် ညီလာခံကို ကျင်းပခဲ့သည်။ နိုင်ငံပေါင်း ၁၆ဝ မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ ၅ ပတ်ကြာ အပြင်းအထန် ဆွေးနွေး ညှိနှိုင်းခဲ့ပြီးနောက် တက်ရောက်လာသည့် နိုင်ငံများထဲမှ နိုင်ငံပေါင်း ၁၂ဝ က ထိုစာချူပ်ကို အတည်ပြုရန် ထောက်ခံမဲပေးခဲ့သည်။
တရုတ်၊ လစ်ဗျား၊ အီရတ်နှင့် အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံ ၇ နိုင်ငံက ထိုစာချုပ်ကို ကန့်ကွက်မဲပေးခဲ့ကြသည်။ နိုင်ငံပေါင်း ၂၁ နိုင်ငံက ကြားနေ နေခဲ့သည်။ ထိုစာချုပ်ကို ၁၉၉၈ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့သည်။
ထိုစာချုပ်အား လက်မှတ်ရေးထိုးခဲ့သည့် နေရာဖြစ်သော ရောမမြို့ကို အစွဲပြု၍ ရောမစာချုပ်ဟုလည်း ခေါ်ဝေါ်သည်။ စာချုပ်အရ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံးကို ဖွဲ့စည်းထူထောင်နိုင်ရန်အတွက် နိုင်ငံပေါင်း ၆ဝ က အတည်ပြု လက်မှတ်ရေးထိုးရန် လိုအပ်သည်။
၂ဝဝ၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် နိုင်ငံပေါင်း ၆၆ နိုင်ငံက အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီးနောက် ၂ဝဝ၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် တရားရုံးကို စတင်ဖွဲ့စည်းနိုင်ခဲ့သည်။ တရားရုံးကို နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့တွင် ရုံးစိုက်ထားပါသည်။
၂ဝဝ၉ ခုနှစ် စက်တင်ဘာလအထိ စာချုပ်အဖွဲ့ဝင် နိုင်ငံပေါင်း ၁၂၃ နိုင်ငံ ရှိလာသည်။ အာဖရိကနိုင်ငံ ၃၃ နိုင်ငံ၊ အာရှပစိဖိတ် ၁၉ နိုင်ငံ၊ အရှေ့ဥရောပ ၁၈ နိုင်ငံ၊ လက်တင်အမေရိကနှင့် ကာယေဘီယံ ၂၈ နိုင်ငံနှင့် အနောက်ဥရောပနှင့် အခြားနိုင်ငံများမှ ၂၅ နိုင်ငံ ဖြစ်သည်။
မြန်မာနိုင်ငံသည် ယခုအချိန်ထိ ရုမ်းစာချုပ် (Rome Status) ကို အဖွဲ့ဝင်အဖြစ် လက်မှတ်ထိုးထားခြင်း မရှိသေးပါ။
ICC တရားရုံးတွင် ဘယ်လိုအမှုများကို တိုင်ကြားနိုင်ပါသလဲ။
ICC တရားရုံးတွင်
– လူမျိုးတုံး သတ်ဖြတ်မှုများ (Genocide)၊
– လူသားမျိုးနွယ်တခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများ (Crime against Humanity)၊
– စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုများ (War Crime) တို့ိကို ကျူးလွန်သည်ဟု စွပ်စွဲခံရသည့် လူပုဂ္ဂိုလ် တဦးတယောက်တိုင်းကို ခုံရုံးတင် အရေးယူနိုင်ပါသည်။
– ထိုအမှုသုံးမျိုးနှင့် အကျုံးမဝင်သည့် ကျန်အမှုများကို မတိုင်ကြားနိုင်ပါ။
လူမျိုးတုံးသတ်ဖြတ်မှု (Genocide) ဆိုသည်မှာ နိုင်ငံသား၊ လူမျိုးနွယ်စု၊ လူမျိုးစု သို့မဟုတ် ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့များအားလုံးကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ကျူးလွန်မှုများ သို့မဟုတ် အချို့အစိတ်အပိုင်းကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ကျူးလွန်မှုများကို ဆိုသည်။
လူမျိုးတုံး သတ်ဖြတ်မှုဆိုသည်မှာ စစ်ပွဲကာလဖြစ်သည် ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ မည်သည့်ကာလမျိုးတွင်မဆို လူအုပ်စုတမျိုးမျိုးအပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်ခြင်းကို ဆိုလိုသည်။ ထို့ကြောင့် လူမျိုးတုံး သတ်ဖြတ်မှုသည် နိုင်ငံသား၊ တိုင်းရင်းသား၊ လူမျိုးနှင့် ဘာသာရေးအဖွဲ့ အုပ်စုတစုကို တခုလုံးဖြစ်စေ တစိတ်တပိုင်းကိုဖြစ်စေ ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ကျူးလွန်သောအမှုများ ဖြစ်သည်။
လူမျိုးတုံး သတ်ဖြတ်မှုှနှင့် သက်ဆိုင်သော ပြစ်မှုအမျိုးအစား ၅ မျိုးမှာ –
(၁) လူတစု၏ အဖွဲ့ဝင်များကို ပစ်မှတ်ထားသော သတ်ဖြတ်ခြင်း
(၂) လူတစု၏ အဖွဲ့ဝင်များကို ခန္ဓာကိုယ် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ အန္တရာယ်ပြုခြင်း
(၃) အသင်းအဖွဲ့တခုလုံး သို့မဟုတ် အချို့ကို စိတ်ပိုင်းဆိုင်ရာ ကျဆင်းပျက်စီးမှု ဖြစ်ပေါ်စေရန် တမင်တကာရည်ရွယ်၍ ထိုအုပ်စု၏ အသက်အန္တရာယ်ကို ထိပါးခြင်း
(၄) လူအုပ်စုအတွင်းရှိ ကလေးမွေးဖွားမှုကို တားဆီးရန်ဟူသော ရည်ရွယ်ချက်ဖြင့် ချမှတ်သည့် သတ်မှတ်ချက်ကို လိုက်နာစေခြင်း
(၅) ကလေးသူငယ်များကို လူအုပ်စုတစုမှ တခြားလူအုပ်စုတစုသို့ အတင်းအဓမ္မ ရွှေ့ပြောင်းခြင်း
လူသားမျိုးနွယ်တခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများ (Crime against Humanity) ဆိုသည်မှာ-
မည်သည့်အရပ်သားလူထုကိုမဆို ဦးတည်၍ စနစ်တကျ တိုက်ခိုက်သော သို့မဟုတ် ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်သော ကျူးလွန်မှုများကို ဆိုလိုသည်။
လူသားမျိုးနွယ်တခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုဆိုသည်မှာ စစ်ပွဲကာလ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ မည်သည့်ကာလမျိုးတွင်မဆို လူသားတို့အပေါ် စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်သော ပြစ်မှုဖြစ်သည်။ ထိုပြစ်မှုမြောက်ရန်အတွက် အရပ်သားပြည်သူများအပေါ် ဆိုးဆိုးဝါးဝါး ကျူးလွန်ဖြစ်ပျက်သည့် သို့မဟုတ် စနစ်တကျ ကြံစည်သည့် တိုက်ခိုက်မှုမျိုး ဖြစ်ရမည်။
လူသားမျိုးနွယ်တခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုနှင့် သက်ဆိုင်သည့် ပြစ်မှု ၁၁ ခုမှာ-
(၁) လူသတ်မှု
(၂) မျိုးဖြုတ်ခြင်း
(၃) ကျွန်ပြုခြင်း
(၄) ပြည်နှင်ဒဏ်ပေးခြင်း သို့မဟုတ် အတင်းအကျပ် ရွှေ့ပြောင်းခြင်း
(၅) ထောင်သွင်းအကျဉ်းချခြင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ အခြေခံစည်းမျဥ်းများကို ချိုးဖောက်၍ လူတယောက်၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ပြင်းထန်စွာ ဆုံးရှုံးစေခြင်း
(၆) ညှဉ်းပန်းနှိပ်စက်ခြင်း
(၇) မုဒိမ်းကျင့်ခြင်း၊ လိင်ကျေးကျွန်ပြုခြင်း၊ အတင်းအကျပ် ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်း၊ ကိုယ်ဝန်ရှိစေခြင်း၊ ကိုယ်ဝန်မရှိစေခြင်း သို့မဟုတ် အခြားဆိုးဝါးသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊
(၈) သက်သေအထောက်အထားပြနိုင်သော မည်သည့်လူစုကိုမဆို ညှဉ်းပန်းနှိပ်စက် သို့မဟုတ် နိုင်ငံရေး၊ လူမျိုးရေး၊ အမျိုးသားရေး၊ မျိုးနွယ်စုရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ လိင် စသည့်အုပ်စုများအား ညှဉ်းပန်းနှိပ်စက်ခြင်း၊
(၉) လူများအား အတင်းအကျပ် ပျောက်ဆုံးစေခြင်း၊
(၁၀) လူမျိုး၊ အသားအရောင် ခွဲခြားရေးမူဝါဒနှင့် ဆိုင်သော ရာဇဝတ်မှု၊
(၁၁) တမင်တကာရည်ရွယ်၍ ကြီးစွာသော ခံစားမှုဖြစ်စေခြင်း၊ စိတ်ပိုင်းအရ၊ ခန္ဓာကိုယ်အရ ပြင်းထန်စွာ ထိခိုက်အနာတရဖြစ်စေခြင်း စသည့် တခြားလူမဆန်သည့် လုပ်ရပ်များကို ဆိုလိုသည်။
စစ်ရာဇဝတ်မှု (War Crime) ဆိုသည်မှာ ပြည်တွင်းစစ် ဖြစ်စေ၊ နိုင်ငံတကာစစ်ပွဲတွင် ဖြစ်စေ လက်နက်ကိုင် ပဋိပက္ခကာလအတွင်း စီမံကိန်းတခု၊ မူဝါဒတခု၏ အစိတ်အပိုင်းဖြင့် ကျူးလွန်ခြင်း သို့မဟုတ် ထိုပြစ်မှုမျိုးကို ကျယ်ပြန့်သော ပမာဏတခုဖြင့် ကျူးလွန်ခြင်းဟု အဓိပ္ပာယ်ဖွင့်ထားသည်။
စစ်ရာဇဝတ်မှုဆိုသည်မှာ စစ်ပွဲနှင့် လက်နက်ကိုင် ပဋိပက္ခကာလအတွင်း အရပ်သားများနှင့် စစ်သုံ့ပန်းများအပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်သော ပြစ်မှုများ ဖြစ်သည်။ ထို့ကြောင့် စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုသည် စစ်ပွဲကာလအတွင်း လက်နက်ကိုင် မဟုတ်သည့် သုံ့ပန်းများနှင့် အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်သော တိုက်ခိုက်မှုများကို ဆိုလိုသည်။
စစ်ရာဇဝတ်မှုနှင့် ပတ်သက်၍ အဓိကကျသော အောက်ပါအချက် ၄ ချက်ကို ကျူးလွန်ပါက စစ်ရာဇဝတ်မှုမြောက်သည်ဟု ဆိုနိုင်သည်။
(၁) ၁၉၄၉ ခုနှစ် သြဂုတ်လ ၁၂ ရက် ဂျီနီဗာ သဘောတူညီချက်များ၊ ပြဋ္ဌာန်းချက်များကို လူအများ သို့မဟုတ် အရာဝတ္ထုများအပေါ် ပြင်းထန်စွာ ချိုးဖောက်မှုများ၊
(၂) စစ်ပွဲအတွင်းနှင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကျင့်သုံးရမည့် စစ်ဥပဒေကို ပြင်းထန်စွာ ချိုးဖောက်မှုများ၊
(၃) အပြည်ပြည်ဆိုင်ရာလက္ခဏာဆောင်သည့် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ရာတွင် ၁၉၄၉ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ ဂျီနီဗာ သဘောတူညီချက် ၄ ရက်နှင့် သက်ဆိုင်သည့် ပုဒ်မ ၃ ကို ပြင်းထန်စွာ ချိုးဖောက်မှုများဖြစ်သည့် ဖျားနာနေသော၊ ထိခိုက်ဒဏ်ရာရနေသော၊ ဖမ်းဆီးချုပ်နှောင်ခံရသော သို့မဟုတ် အခြားအကြောင်းကြောင့် စစ်မတိုက်နိုင်တော့သော လက်နက်ချပြီးဖြစ်သည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် တက်ကြွစွာ ပါဝင်တိုက်ခိုက်ခြင်း မရှိတော့သည့်သူများကို ဆန့်ကျင်တိုက်ခိုက်ကျူးလွန်မှုများ၊
(၄) အပြည်ပြည်ဆိုင်ရာလက္ခဏာမဆောင်သည့် လက်နက်ကိုင်ပဋိပက္ခများ (ပြည်တွင်းစစ်) များအတွက် ကျင့်သုံးသည့် စစ်ဥပဒေကို ပြင်းထန်စွာ ချိုးဖောက်မှုတို့ ဖြစ်သည်။
စစ်ရာဇဝတ်မှုမြောက်နိုင်သော အမှုများမှာ-
– လူအများကို သတ်ဖြတ်ခြင်း၊ မျိုးတုံးစေခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ရက်ရက်စက်စက် ဆက်ဆံခြင်း၊
– လူတယောက်၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းအောင် ဆက်ဆံခြင်း၊ ဓားစာခံအဖြစ် ခေါ်ဆောင်ခြင်း၊
– ရည်ရွယ်ချက်ရှိရှိဖြင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊
– ဂျီနီဗာစာချုပ်က သတ်မှတ်ထားသည့် သင်္ကေတများပါရှိသည့် အဆောက်အဦများ၊ ပစ္စည်းများ၊ ဆေးဝါးဌာနများနှင့် ယာဉ်များကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးခြင်း၊
– လူသားချင်းစာနာမှုဝန်ထမ်းများနှင့် ငြိမ်းချမ်းရေးတပ်ဖွဲ့များကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊
– ဘာသာရေး၊ ယဉ်ကျေးမှုအထိမ်းအမှတ်များ၊ ဆေးရုံများနှင့် လူနာများ ထားရှိသည့် နေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊
– လိင်စော်ကားခြင်း၊ အတင်းအကျပ် ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်း၊ ကိုယ်ဝန်ရစေခြင်း၊ သားကြောဖြတ်ခြင်းနှင့် အခြားပုံစံများဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊
– အသက် ၁၅ နှစ်အောက် ကလေးများကို စစ်ပွဲအတွင်းတွင် ပါဝင်စေခိုင်းခြင်း၊
– ရပ်ရွာလူထုများကို လုံခြုံရေးအကြောင်းကြောင့် မဟုတ်ဘဲ ရွှေ့ပြောင်းစေခိုင်းခြင်း၊
– ဒဏ်ရာရသည့် တဖက်တပ်သားများကို ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊
– စစ်သုံ့ပန်းများကို တယောက်မကျန် သတ်ဖြတ်ခြင်း၊ သူတို့ ခန္ဓာကိုယ်များကို ဖြတ်တောက်ခြင်း၊ ဆေး သို့မဟုတ် သိပ္ပံပညာစမ်းသပ်မှု လုပ်ဆောင်ခြင်း၊
– လိုအပ်ချက်အရ မဟုတ်ဘဲ လူထု၏ ကိုယ်ပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ သိမ်းပိုက်ခြင်း။
မြန်မာနိုင်ငံနှင့် ICC သို့ တင်နိုင်သည့် အမှုများ
ယခင်စစ်အစိုးရကာလအတွင်း လက်နက်ကိုင်စစ်ပွဲများ ဖြစ်ပွားနေသော ကရင်၊ ရှမ်း၊ ကချင်၊ မွန်ဒေသများရှိ တိုင်းရင်းသားများအား သတ်ဖြတ်ခြင်း၊ လိင်စော်ကားခြင်း၊ ဖြတ်လေးဖြတ်စနစ်ကို ကျင့်သုံးပြီး ရွာများကို အစုအလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း၊ ပေါ်တာစေခိုင်းခြင်းတို့ကို စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်သည်ဟု ပြောဆိုချက်များ ရှိခဲ့သည်။ ကလေးစစ်သား အမြောက်အမြား စေခိုင်းခြင်းသည်လည်း စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုမြောက်သည်ဟု ထောက်ပြကြသည်။
မကြာမီဖြစ်ပွားခဲ့သော နိုင်ငံတကာ၏ တောင်းဆိုချက်များတွင် လူမျိုးတုံး သတ်ဖြတ်မှုများနှင့် လူသားမျိုးနွယ်တခုလုံးကို ထိခိုက်စေသော ရာဇဝတ်မှုများကို ရခိုင်ပြည်နယ်တွင် ကျူးလွန်နေသည်ဟု ဆိုကြသည်။
ICC နှင့်ပတ်သက်ပြီး မေးမြန်းလာသမျှ
ICC (International Criminal Court) အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး သမိုင်းကြောင်းနဲ့ တရားရုံးကို တိုင်ကြားနိုင်တဲ့ အမှုအမျိုးအစား ၃ မျိုးအကြောင်းကို ရေးသားခဲ့ပြီးပါပြီ။ မိတ်ဆွေတွေက မေးမြန်းလာတဲ့ မေးခွန်းတချို့ကို ပြန်လည်ဖြေကြားသွားပါမယ်။
ပထမဆုံးမေးခွန်းကတော့ ICC က ကုလသမဂ္ဂမှာရှိပြီးသား International Court of Justice (ICJ) အပြည်ပြည်ဆိုင်ရာတရားရုံးနဲ့ ဘာကွာပါလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
ကွာပါတယ်။ ဘာလို့လဲဆိုတော့ ကုလသမဂ္ဂရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဆိုတာ နိုင်ငံအချင်းချင်းအကြား ဖြစ်ပွားတဲ့ နယ်နိမိတ်ပြဿနာ၊ ကုန်သွယ်စည်းမျဥ်း ပြဿနာတွေ နိုင်ငံတွေကြားမှာ ဖြစ်ပေါ်လာရင် ဖြေရှင်းပေးတဲ့ တရားရုံးမျိုး ဖြစ်ပါတယ်။
ဥပမာ- မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ပင်လယ်ရေပိုင်နက်ပြဿနာ ဖြစ်တုန်းက စီရင်ပေးတဲ့ တရားရုံးမျိုး ဖြစ်ပါတယ်။ ဒီတရားရုံးမှာ အမှုရင်ဆိုင်ဖို့ မဖြစ်မနေ ဆင့်ခေါ်နိုင်တဲ့ အာဏာမရှိပါဘူး။ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအရသာ လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ အမှုတွေကို လက်ခံလေ့မရှိပါဘူး။ ICJ မှာ ဒီလို အားနည်းချက်တွေ ရှိခဲ့လို့ ICC လို လူ့အခွင့်အရေးဆိုင်ရာတွေကို စစ်ဆေးစီရင်မယ့် တရားရုံး လိုအပ်တယ်လို့ တွေးတောလာတာလည်း ဖြစ်ပါတယ်။
ICC ဆိုတာကတော့ ရောမသဘောတူစာချူပ် (Rome Statue) အရ ပေါ်လာတဲ့ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ တရားရုံး ဖြစ်ပါတယ်။ ရောမသဘောတူစာချုပ်ကို အတည်ပြု လက်မှတ်ထိုးထားတဲ့ နိုင်ငံက နိုင်ငံသားတဦးဦးကနေ မည်သည့်နေရာတွင်မဆို ထိုသတ်မှတ်ထားသော ရာဇဝတ်မှု ကျူးလွန်ပါက သို့မဟုတ် ထိုအတည်ပြု လက်မှတ်ထိုးထားသော နိုင်ငံ၏ အချုပ်အခြာပိုင် နယ်မြေဒေသအတွင်း ကျူးလွန်သော ရာဇဝတ်မှုများ ဖြစ်ပါက တရားစွဲဆိုနိုင်တဲ့ ခုံရုံးဖြစ်ပါတယ်။
နောက်မေးခွန်းက ICC မှာ အမှုဖွင့် တိုင်ကြားတယ်ဆိုတာ နိုင်ငံကို အရေးယူဖို့ တိုင်ကြားတာလား။ ကျူးလွန်သူတွေကို အရေးယူဖို့ တိုင်ကြားတာပါလားလို့ မေးလာပါတယ်။
နိုင်ငံကို အရေးမယူနိုင်ပါ။ သတ်မှတ်ထားတဲ့ ပြစ်မှုအမျိုးအစား ၃ မျိုး တခုခုကို ကျူးလွန်သူကိုသာ အမှုဖွင့် တိုင်ကြားနိုင်ပါတယ်။ ကျူးလွန်သူဟာ အမျိုးသား၊ အမျိုးသမီး ဖြစ်စေ၊ သာမန် အရပ်သားဖြစ်စေ၊ စစ်တပ်တွင် တာဝန်ရှိသူ ဖြစ်စေ၊ အစိုးရတွင် တရားဝင် ရာထူးရှိသူ ဖြစ်စေ၊ ထိုရာဇဝတ်မှုတွင် တာဝန်ရှိသည့် မည်သူ့ကိုမဆို တရားစွဲဆိုနိုင်ပါတယ်။
တိုင်ကြားခံရသောသူဟာ လူပုဂ္ဂိုလ် ဖြစ်ရပါမယ်။ ကျူးလွန်မှုမှာ တာဝန်ရှိသူ ဖြစ်ရပါမယ်။ အစိုးရဘက် တာဝန်ရှိသူမျိုးလည်း ဖြစ်နိုင်သလို အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေလည်း ဖြစ်နိုင်ပါတယ်။ ICC မှာ အမှုစုံစမ်းစစ်ဆေး အရေးယူခံရတဲ့သူတွေမှာ အစိုးရ ခေါင်းဆောင်၊ စစ်တပ် ခေါင်းဆောင်တွေ ပါသလို လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်တွေလည်း ပါဝင်ခဲ့ကြပါတယ်။
တဦးချင်းပဲ ကျူးလွန်လို့ အပြစ်မြောက်တာလား။ မဟုတ်ပါဘူး။ အုပ်စုလိုက်လည်း တိုင်ကြား အရေးယူနိုင်ပါတယ်။ ကိုယ်တိုင် ကျူးလွန်မှ မဟုတ်ပါဘူး။ ကျူးလွန်ဖို့ အမိန့်ပေး စေခိုင်းသူတွေ၊ အားပေးပါဝင်သူတွေ၊ သွေးထိုးလှုံ့ဆော်သူတွေပါ အကျုံးဝင်ပါတယ်။
ဒါကြောင့် အပြစ်မြောက်သူတွေထဲမှာ-
– ထိုသူသည် တဦးချင်းဖြစ်စေ၊ အခြားသူများနှင့်ဖြစ်စေ အမှုကို ကျူးလွန်သူ၊
– ထိုအမှုကို ကျူးလွန်ရန်အတွက် အမိန့်ပေးစေခိုင်းခဲ့သူ၊
– အမှုကျူးလွန်နိုင်အောင် အားပေးကူညီပံ့ပိုးပေးခဲ့သူ၊
– ကျူးလွန်သူများ ကျူးလွန်နိုင်အောင် ရည်ရွယ်ချက်တူဖြင့် အားပေးပါဝင်ခဲ့သူ၊
– ထိုအမှုကျူးလွန်ရန် ကြံစည်ကြိုးပမ်းခဲ့သူ၊
– လူမျိုးတုံး သတ်ဖြတ်မှုဖြစ်အောင် သွေးထိုးလှုံ့ဆော်သူ ဖြစ်ရပါမယ်။
မြန်မာကို ICC တရားရုံးမှာ အရေးယူဖို့ ဖြစ်နိုင်၊ မဖြစ်နိုင်
သူငယ်ချင်းတယောက်က ပြောလာပါတယ်။ ICC မှာ တရားစွဲခံရမှာစိုးတဲ့အတွက် တနေ့ ဒုက္ခရောက်လာနိုင်တာကို ကြိုသိလို့ မြန်မာနိုင်ငံအစိုးရက ရောမစာချုပ်ကို လက်မှတ်မထိုးထားနိုင်တာတဲ့။ ဟုတ်တော့ ဟုတ်နိုင်ပါတယ်။ ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်းစွပ်တဲ့ အဖြစ်တော့ မရောက်ချင်ကြဘူးပေါ့။
ဒီလိုဆိုရင် လူ့အခွင့်အရေး အထူးသဖြင့် ရောမစာချုပ်မှာ သတ်မှတ်ထားတဲ့ ရာဇဝတ်မှု ၃ မျိုးဖြစ်တဲ့ လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားမျိုးနွယ်တခုလုံးအပေါ် ကျူးလွန်သောအမှုနဲ့ စစ်ရာဇဝတ်မှုတွေကို ချိုးဖောက်သူတွေကို လက်မှတ်မထိုးတာနဲ့ စီရင်မှုမလုပ်နိုင်ဘူးလားလို့ မေးလာကြပါတယ်။
အထူးသဖြင့် ရောမစာချုပ်ကို မြန်မာနိုင်ငံက လက်မှတ်မထိုးထားတဲ့အတွက် အခုလို မြန်မာပြည်ဆို ICC တရားရုံးပို့ အရေးယူမယ်ဆိုတာ မဖြစ်ဘူးလို့ ထင်တဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့် အခုလို ရှင်းပြချင်ပါတယ်။
ICC ကို အမှုဖွင့်တိုင်ကြားနိုင်ဖို့အတွက် နည်းလမ်း ၂ ခု ရှိပါတယ်။
ပထမနည်းကတော့-
(၁) ရောမစာချုပ်ကို လက်မှတ်ရေးထိုးထားသော နိုင်ငံများမှ လူပုဂ္ဂိုလ်တဦးဦးသည် သူ့နိုင်ငံ၏ နယ်နိမိတ်တွင် ဖြစ်စေ၊ အခြားနိုင်ငံတခုခုတွင် ဖြစ်စေ တရားရုံးက သတ်မှတ်ထားသော ရာဇဝတ်မှု ၃ မျိုးအနက် တခုခုကို ကျူးလွန်ခြင်း၊
စောစောကပြောထားတဲ့ ရောမစာချူပ်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေမှာ ဒါမှမဟုတ် အဲဒီနိုင်ငံက နိုင်ငံသား တယောက်ယောက်က ပြစ်မှုကျူးလွန်ရင် လက်ခံ စစ်ဆေး အရေးယူနိုင်တဲ့နည်းလမ်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ စာချုပ်ကို လက်မှတ်မထိုးထားတဲ့အတွက် ဒီနည်းလမ်းနဲ့ အကျုံးမဝင်ပါဘူး။
ဒုတိယနည်းကတော့-
(၂) အကယ်၍ ရောမစာချုပ်ကို လက်မှတ်မထိုးထားသော နိုင်ငံများမှ လူပုဂ္ဂိုလ်များကို တိုင်ကြားမည်ဆိုပါက ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထိုအမှုကို တရားရုံးသို့ လွဲှပြောင်းပေးမှသာ ထိုအမှုကို စုံစမ်းစစ်ဆေးနိုင်ခြင်း၊
ဒုတိယနည်းလမ်းကို အသုံးပြုဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အထူးအရေးပါလှပါတယ်။ ဘာကြောင့်လဲဆိုရင် ကုလသမဂ္ဂလုံခြုံရေးကောင်စီကသာ သဘောတူပြီး တရားရုံးကို လွဲှပြောင်းပေးမယ်ဆိုရင် ဒီအမှုကို ICC တရားရုံးက စုံစမ်းစစ်ဆေးနိုင်ပါပြီ။
ဒီလို လွဲှပြောင်းပေးဖို့အတွက် ကုလသမဂ္ဂလုံခြုံကောင်စီ အဖွဲ့ဝင်နိုင်ငံများက မဲခွဲ ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံများဟာ ထောက်ခံ၊ ကန့်ကွက်မဲများ ပေးနိုင်သလို ကြားနေမဲလည်း ပေးနိုင်ပါတယ်။ ဒါပေမယ့် ထိုသို့ တရားရုံးကို လွှဲပြောင်းပေးနိုင်ရန်အတွက် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံအနက် ၉ နိုင်ငံမှ ထောက်ခံမဲ ရရှိရန် လိုအပ်ပါတယ်။ သို့သော် အမြဲတမ်း ၅ နိုင်ငံမှ တနိုင်ငံက ဗီတိုအာဏာသုံးပါက ထိုအမှုကို တင်နိုင်မည် မဟုတ်ချေ။
မြန်မာနိုင်ငံကို ICC တင်ဖို့ ကြိုးပမ်းနေကြတာကတော့ ဒီလမ်းကြောင်းပါပဲ။ ရောမစာချုပ်ကို မြန်မာနိုင်ငံက လက်မှတ်မရေးထိုးထားပေမယ့် စုံစမ်းစစ်ဆေး အရေးယူဖို့ လုပ်နိုင်တဲ့ ဒီနည်းလမ်းတခုတော့ ရှိနေပါတယ်။ တချို့နိုင်ငံတွေကလည်း ဒီလမ်းကြောင်းအတိုင်း ကြိုးပမ်းနေတာ တွေ့ရပါတယ်။
အမှန်တော့ ဒီနည်းလမ်းကိုသုံးပြီး ကြိုးပမ်းခဲ့တာ အခုမှ မဟုတ်ပါဘူး။ ၂၀၁၀ ပြည့်နှစ်လောက်တုန်းက မြန်မာစစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကား အကြမ်းဖက်မှုတွေ ရှိနေတယ်ဆိုတဲ့ အချက်ရယ်၊ ကလေးစစ်သားတွေ အလွန်အမင်း အသုံးပြုတယ် ဆိုတဲ့ အချက်တွေနဲ့ ICC အထိ တင်ဖို့ ကြိုးစားခဲ့တာ ရှိခဲ့ပါတယ်။ လုံခြုံရေးကောင်စီမှာ တင်ပြဆွေးနွေဖို့ တာစူနေတုန်းမှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ပေါ်လာတယ် ဆိုပြီး အဲဒီလှုပ်ရှားမှုလည်း ငြိမ်သက်သွားခဲ့ပါတယ်။
၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အရေးတွေ၊ ကိုင်တွယ်ဖြေရှင်းပုံတွေ၊ တခြားနိုင်ငံကို ထွက်ခွာသွားတဲ့ လူစုလူဝေးတွေကို အကြောင်းပြုလို့ မြန်မာနိုင်ငံကို ICC မှာ တင်ပြီး စုံစမ်းစစ်ဆေး အရေးယူသင့်တယ်လို့ ကြိုးစားမှုတွေ တွေ့လာပါတယ်။
ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကလည်း ရောမစာချုပ်မှာ ဖော်ပြ သတ်မှတ်ထားတဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေ၊ လူသားမျိုးနွယ်တခုလုံးအပေါ် ကျူးလွန်မှုတွေ မြောက်ပါတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ဖော် ပြောဆိုကြသလို နိုင်ငံခြားသံတမန်တွေကလည်း ပြောကြားခဲ့တာတွေ ရှိလာခဲ့ပါတယ်။
လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို မြန်မာအစိုးရဘက်က လက်မခံခဲ့တာတွေ၊ ဥပဒေမဲ့ သတ်ဖြတ်မှုတွေကို လက်ဆုပ်လက်ကိုင် ဖော်ထုတ်လာနိုင်ခဲ့တာတွေက မြန်မာနိုင်ငံကို ICC တင်တဲ့ လမ်းကြောင်းဘက် ရောက်အောင် တွန်းပို့လာခဲ့ပါတယ်။
ဒီလုပ်ထုံးလုပ်နည်းအတိုင်း ICC မှာ မြန်မာကို တင်နိုင်ဖို့ ကြိုးပမ်းလာတာတွေက တနေ့ထက်တနေ့ ထင်ရှားလာပါတယ်။ ထူးခြားတာတခုက မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ အမှုတွေကို စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ ပြောကြားပေမယ့် ဘယ်သူ့ကို အရေးယူမယ် ဆိုတာ တိတိကျကျ ထုတ်ဖော်မပြောသေးတာပါဘဲ။ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေမှာ အစိုးရ အုပ်ချုပ်သူအပိုင်းက တာဝန်ရှိသူကို အရေးယူမှာလား။ ကျူးလွန်တယ်လို့ ပြောဆိုနေတဲ့ စစ်တပ်က တာဝန်ရှိသူကိုပဲ အရေးယူမှာလားဆိုတာ တိတိကျကျ မပြောကြသေးပါဘူး။
အခုလို ICC မှာ တင်သွင်းနိုင်ဖို့ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေက လေသံတွေ ထွက်နေပေမယ့် တင်သွင်းဖို့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးရင် တရုတ်နဲ့ ရုရှားတို့ရော ဘယ်လိုရပ်တည်မလဲဆိုတာ စိတ်ဝင်စားစရာပါ။
နောက်ထပ်တခုက ဆီးရီးယားအရေးကလည်း တဖြည်းဖြည်း ကြီးမားလာပါပြီ။ အမေရိကန်နဲ့ မဟာမိတ်တွေက ဝင်ရောက်တိုက်ခိုက်တဲ့အဆင့်ထိ ရောက်ရှိလာပါပြီ။ ဒီတော့ လူ့အခွင့်အရေးအကြောင်းနဲ့ အာရုံစိုက်ခံနေရတဲ့ မြန်မာအရေးကို အရင်ကလောက် အာရုံစိုက် စိတ်ဝင်စားကြပါ့မလား ဆိုတာကိုလည်း စောင့်ကြည့်ရပါဦးမယ်။