ကရင်ပြည်နယ် ဒေသအရေးပေါ် ကူညီထောက်ပံ့ရေးအဖွဲ့၏ အဖွဲဝင်တစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးရခြင်းအပေါ် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၏ သတင်းထုတ်ပြန်ချက်

ဧပြီလ (၁၁) ရက် ၂၀၁၈ ခုနှစ်

၂၀၁၈ ခုနှစ် ဧပြီလ (၅) ရက်နေ့က ကရင်ပြည်နယ် ဒေသအရေးပေါ် ကူညီထောက်ပံ့ရေးအဖွဲ၏ အဖွဲဝင်တစ်ဦး ဖြစ်သူ စောအိုမူးသည် ကရင်ပြည်နယ် လယ်မူပလောဒေသတွင် တပ်မတော်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရ ကြောင်း သတင်းကြားသိရသည့်အတွက် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဖိုရမ် ( Human Rights Defenders Forum) နှင့် လူတိုင်းအတွက် လူ့အခွင့်အရေးအစီအစဉ် (Rights for All) ၏ မိတ်ဖက်အဖွဲ့ အစည်းများအနေဖြင့် အထူးစိတ်မကောင်းဖြစ်ရပါသည်။

စောအိုမူးသည် ကရင်ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် တက်ကြွစွာ လှုပ်ရှား ဆောင်ရွက်နေသော တိုင်းရင်းသား လူ့အခွင့်အရေးစောင့်ရှောက်သူ တစ်ဦးဖြစ်ပါသည်။ (၂၀၀၆) ခုနှစ်ကတည်းက ကရင်ပြည်နယ် သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှုရေးလုပ်ငန်းဆိုင်ရာ ကွန်ယက်တွင် နယ်မြေခံ အဖြစ် အလုပ်လုပ်ခဲ့ပါသည်။ စောအိုမူးသည် Salween Peace Park ကော်မတီ၏ အဖွဲ့ဝင်တဦး ဖြစ်ပြီး ငြိမ်းချမ်းရေး၊ ဇီဝမျိုးစိပ်ထိန်းသိမ်းရေးနှင့် ယဉ်ကျေးမှု ထိန်းသိမ်းရေးတို့အတွက် တက်ကြွစွာ လှုပ်ရှားနေသူတစ်ဦး ဖြစ်ပါသည်။

သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ခြင်းသည် လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်းပင် ဖြစ်ပါသည်။ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ ဆိုသည်မှာ လူ့အခွင့်အရေးနှင့်ပတ်သက်၍ လူတိုင်းအပေါ်ခွဲခြားခြင်းမရှိဘဲ ကာကွယ်စောင့်ရှောက်သူများဖြစ်သည်။ အကြမ်းဖက်သည့် နည်းလမ်းမသုံးဘဲ ငြိမ်းချမ်းသောနည်းဖြင့် လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သူများဖြစ်ကြသည်။ ထိုကဲ့သို့သော လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၏ လူ့အခွင့်အရေးများကို လေးစားရန်နှင့် ထိုသူများကို ကာကွယ်ပေးရန်အတွက် ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့က ကမ္ဘာ့ကုလသမဂ္ဂ၏ အထွေထွေ ညီလာခံတွင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၏ အခွင့်အရေးဆိုင်ရာကြေညာစာတမ်းကို ပြဌာန်းခဲ့ပြီးဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့် ငြိမ်းချမ်းရေးအတွက် လုပ်ကိုင်ဆောင်ရွက်နေသော ကရင်အမျိုးသား စောအိုးမူ သေဆုံးမှုသည် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ အထူးသဖြင့် လက်နက်ကိုင်တိုက်ပွဲများဖြစ်နေသော တိုင်းရင်သားဒေသများတွင် လူ့အခွင့်အရေးနှင့်ပတ်သက်၍ လှုပ်ရှားဆောင်ရွက်နေသည့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအပေါ် လုံခြုံမှု ကင်းမဲ့နေကြောင်း ဖော်ပြနေသည်။ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတဦးအပေါ် အန္တရာယ်ရှိစေခြင်းသည် လူ့အခွင့်အရေးကို ခံစားခွင့်ရှိသော လူသားများအားလုံးအပေါ် အန္တရာယ်ပြုခြင်းပင်ဖြစ်သည်။

လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများသည် လူသားများအားလုံးအတွက် ဂုဏ်သိက္ခာနှင့်အညီ တန်းတူအခွင့်အရေးရရှိအောင် လှုပ်ရှားဆောင်ရွက်နေသောသူများဖြစ်သောကြောင့် နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိကြောင်း လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၏ အခွင့်အရေးဆိုင်ရာကြေညာစာတမ်းတွင် အတိအကျဖော်ပြထားသည်ကို တွေ့နိုင်သည်။

ထိုအတွက်ကြောင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဖိုရမ် ( Human Rights Defenders Forum) နှင့် လူတိုင်းအတွက် လူ့အခွင့်အရေးအစီအစဉ် (Rights for All) မိတ်ဖက်အဖွဲ့အစည်းများနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ အထူးသဖြင့် လက်နက်ကိုင် တိုက်ပွဲများဖြစ်နေသောဒေသများအတွင်းရှိ တိုင်းရင်းသား လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကို မြန်မာနိုင်ငံအစိုးရအနေဖြင့် လိုအပ်သလို ထိရောက်စွာ ကာကွယ်ပေးရန် လေးနက်စွာ တောင်းဆိုအပ်ပါသည်။

အသေးစိတ် သိရှိလိုပါက
ဦးအောင်မျိုးမင်း ဒါရိုက်တာ ညီမျှခြင်း မြန်မာ 09 448013306
ဦးအောင်ဇော်ဦး – ဥက္ကဌ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ဖိုရမ်(HRDF) 09 421039493
ကိုထူးကျော်ဝင်း (ညှိနှိုင်းရေးမှူး – HRDF) 09420062578
—————————————————————————–
လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများဖိုရမ်သည် မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူ (Human Rights Defenders – HRDs) များအကြား လုပ်ငန်းဆောင်တာများကို ပုံမှန်ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ဆောင်နေသော ကွန်ယက်တခုဖြစ်ပါသည်။ ဤကွန်ရက်ကို ပြည်တွင်းလူ့အခွင့်အရေး အဖွဲ့အစည်း (၁၀)ဖွဲ့၊ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (၄)ဖွဲ့နှင့် ပြည်တွင်းမှ တစ်သီးပုဂ္ဂလ (၂)ဦးတို့ဖြင့် ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် စတင်တည်ထောင် ဖွဲ့စည်းခဲ့ပါသည်။
လူတိုင်းအတွက် လူ့အခွင့်အရေးအစီအစဉ် (Rights for All) သည် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့်် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ကိစ္စများကို လုပ်ဆောင်နေသော အရပ်ဖက်လူမှု့အဖွဲ့အစည်းများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းဖြင့် မြန်မာနိုင်ငံတွင်းရှိ ထိခိုက်လွယ်သော အုပ်စုများ၏ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ကိစ္စများကို ကာကွယ်မြှင့်တင်သော အစီအစဉ်တခုဖြစ်ပါသည်။